"မုပွန်နတ်ကျွန်းသား စာရေးဆရာကြီး သိပ္ပံမောင်ဝ"

"ခေတ်စမ်းစာရေးဆရာကြီး သိပ္ပံမောင်ဝ" သိပ္ပံမောင်ဝ သည် မြန်မာလူမျိုး စာရေးဆရာတစ်ဦးဖြစ်ပြီး ခေတ်စမ်းစာပေ ကို ရှေ့တန်းမှ မားမားမတ်မတ် ရပ်လျက် ပြုစု ပျိုးထောင်ခဲ့သူများတွင် တစ်ဦးဖြစ်သည်။ အမည်ရင်း ဦးစိန်တင်၊ ဘီအေ၊ အိုင်-စီ-အက်စ် ဖြစ်သည်။ ငယ်ဘဝ ဦးစိန်တင်သည် မော်လမြိုင်မြို့ မုပွန် နတ်ကျွန်းရပ်တွင် အဖ ဦးအုန်းရွှေ၊ အမိ ဒေါ်သစ်တို့မှ ဖွားမြင်သူ ဖြစ်သည်။ ငယ်စဉ်ကပင် မိခင်ဆုံးသဖြင့် အဖွားနှင့် ကြီးဒေါ်တို့လက်တွင်ကြီးပြင်းခဲ့ရသည်။ ငယ်စဉ်ကပင် မြန်မာစာပေပိဋကတ် ကျမ်းဂန်တို့တွင် များစွာပင် ကျွမ်းကျင် လှပေသော အဘိုးဖြစ်သူ ဦးလူကလေး၏ ပြောကြား ဆုံးမရာ ဝတ္ထု၊ ပုံပြင်၊ ရာဇဝင် အစ ရှိသည်တို့ကို ကောင်းစွာနာယူ ကျက်မှတ်ခဲ့ရသဖြင့် မြန်မာဘက်ဆိုင်ရာ အဖြာဖြာသော ပညာရပ်တို့၌ အခြေအမြစ် ကောင်းစွာ ရရှိခဲ့သူ ဖြစ်လေသည်။ ကျောင်းသား အရွယ်သို့ ရောက်၍ အင်္ဂလိပ်ကျောင်းတွင် နေစဉ်အခါ ကာလ၌လည်း မိမိ၏ ဘကြီးဖြစ်သူ တောင်ဝိုင်းကြီး ရွှေကျင်တိုက်၌ သီတင်းသုံးလျက် ရှိသော ဘုန်းတော်ကြီး ဦးပညာဇောတထံသို့မကြာမကြာ သွားရောက်ကာ ပညာဆည်းပူးခြင်းအားဖြင့်လည်း ဦးစိန်တင်သည် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဆိုင်ရာ ဗဟုသုတတို့ကို တိုးတက် မှတ်သား စုေ...